ဘဝက နေတတ်ရင် ကျေနပ်စရာပါ …..

ငိုချင်နေတာများ မြိုသိပ်မထားနဲ့ ငိုချပစ်လိုက် မျက်ရည်ကျတိုင်း အရှုံးပေးတာမှ မဟုတ်တာ ဘယ်သူမှ မစာနာတဲ့ ဒဏ်ရာတွေ ရလာတဲ့အခါ ဘယ်သူ့ကို ရင်ဖွင့်ရမှန်းမသိ လမ်းတွေပျောက်နေတတ်တယ် ကိုယ်ယုံကြည်ရတဲ့ တစ်စုံတစ်ယောက်ဆိုတာ မရှိခဲ့ဘူးလေ ကိုယ့်သောကတွေကို နားထောင်ပေးမယ့် နားတစ်စုံမရှိခဲ့ဘူး

ဘာပဲဖြစ်လာဖြစ်လာ ဒီရင်ဘတ်ထဲထည့်ပြီး ကိုယ့်ကိုယ်ကိုယ့်ပဲ ကြိတ်ခံစားနေရတာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီး နာကျင်လာရတတ်တယ် အားရပါးရ ငိုချပစ်လိုက်ပါ မျက်ရည်ဆိုတာ နှုတ်က ထုတ်ပြောခွင့်မရှိတဲ့ ခံစားချက်တွေကို ဘာသာပြန်ပေးတဲ့နေရာမှာ အတော်ဆုံးပဲ သောကတွေကိုလဲ မျောချပစ်လိုက်လို့ရတယ် တအိအိနဲ့ မငိုနဲ့ အားရပါးရ ငိုချလိုက်တယ်

ဘယ်သူမှ ကိုယ်ငိုလို့ အပြစ်မပြောတဲ့အရပ်မှာ ဘယ်သူမှ ကိုယ်ငိုနေတာ မမြင်တဲ့အရပ်မှာ အားရပါးရငိုပါ ရင်ဘတ်ထဲက ခံစားချက်တွေ ပြင်းထန်ရင် ပြင်းထန်သလောက် ငိုပါ ငိုပြီးသွားပြီလား . . . .ငိုပြီးသွားတဲ့အခါ မျက်ရည်တွေ တစ်စမှမကျန်အောင် သုတ် ပြီးရင် အလှဆုံးပြုံးပြီး မူလ ဖြစ်တည်ရာအရပ်ကို ပြန်လာပါ

ဆက်ပြီးလျှောက်ရမယ့်လမ်းတွေ အများကြီးကျန်သေးတယ် ကိုယ်လျှောက်မှ ရောက်မယ့်လမ်းတွေလေ ပြီးတော့ အနာဂတ်တွေအတွက် အိပ်မက်တွေ ဆက်ပြီးရှင်သန်နေဖို့ လိုသေးတယ် ဘဝဆိုတာ တိုတိုလေးတဲ့ တကယ်လျှောက်တဲ့အခါတော့ ဘဝက ကိုယ်လျှောက်ရင်လျှောက်သလောက် ရှည်လွန်းပါတယ်

ဒါကြောင့် ရင်ဘတ်ထဲက အရာအားလုံးကို ပြည့်သိပ်ကျပ်အောင် ထည့်ပြီး မွန်းကျပ်မခံနဲ့ ငိုစရာတွေ ကြုံလာတဲ့အခါ ငိုပါ ငိုပြီးတဲ့အခါ အလှဆုံးပြုံးပြီး အကောင်းဆုံးဖြစ်အောင် ကိုယ့်လမ်းကိုယ် ပြန်လျှောက်ပါ ဘဝက နေတတ်ရင် ကျေနပ်စရာကောင်းပါတယ် ။

သျှင်ယွန်း