လူတွေက အမြဲတမ်းရနေတဲ့အရာတွေကိုဆိုရင် တန်ဖိုးထားဖို့သတိမရကြဘူး ..

လူတွေက အမြဲတမ်းရနေတဲ့အရာတွေ ပေါပေါပဲပဲရနေတဲ့အရာတွေကိုဆိုရင် တန်ဖိုးထားဖို့သတိမရကြဘူး .. သူတို့မပိုင်ဆိုင်ရသေးတဲ့အရာတွေ ခဏတဖြုတ်ရနေတဲ့အရာတွေကိုပဲ တန်ဖိုးရှိတယ်လို့ထင်တတ်ကြတာလေ .. ကိုယ်ပေးနေတာတွေ ရပ်လိုက်တဲ့အခါမှ ကိုယ်တကယ်စိတ်ပျက်သွားပြီး လှည့်ထွက်ခဲ့တဲ့အချိန်ရောက်မှ တန်ဖိုးရှိမှန်း နားလည်တတ်ကြတာလေ …

အဲ့လိုလူမျိုးတွေ လောကမှာ အများကြီးပါ … ကိုယ်ကိုယ်တိုင်လဲ အပါအဝင်ပေါ့ .. ဥပမာ မြင်အောင် ပြရရင် ..ကျွန်မတို့ရဲ့မိဘတွေကို တန်ဖိုးထားသင့်သလောက် တန်ဖိုးမထားတတ်ခဲ့ကြဘူး .. တချို့တလေလောက်ပဲ တန်ဖိုးနားလည်ကြတာလေ .. အမေပြောပြောနေကျ ငါမရှိတော့တဲ့အခါမှ ငါ့တန်ဖိုးကို နားလည်ကြမယ်ဆိုတဲ့စကားလေး ခု တကယ်မရှိတော့တဲ့အခါမှ ခဏခဏ ပြန်ကြားယောင်နေတယ် …

အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင်ဆိုတဲ့ နောင်တတွေကလွဲလို့ဘာမှ ဖြစ်မလာတော့ဘူး … နေ့စဉ်နေ့တိုင်း မီးဖိုချောင်ထဲမှာ အလုပ်တွေ များနေတတ်တဲ့အမေ့ကို စောစောထပြီး ကူရကောင်းမှန်းမသိခဲ့ဘူး မီးပူတိုက်ပြီးသား အဝတ်အစားတွေအတွက် ကျေးဇူးတင်ရကောင်းမှန်း နားမလည်ဘူး … ဒါကို တချို့သားသမီးတွေက ပြောကြသေးတာ အမေတို့ပဲ မွေးထားပြီး လုပ်ပေးရမှာပေါ့ တဲ့ ဒါကတော့ ကျွန်မ မမြင်ခဲ့မိတဲ့ တန်ဖိုးတွေပါ

နောက်တစ်ဖက်မှာတော့ ကိုယ်ကပေးနေပေမယ့် … ကိုယ့်တန်ဖိုးကို မမြင်ခဲ့တဲ့ သူတွေအကြောင်းတွေ ရှိတယ် … အမြဲတမ်း သူတစ်ပါးသောကတွေ နားထောင်ပေးတတ်တဲ့ နားတစ်စုံပိုင်ရှင်မှာလဲ ပြောပြချင်တဲ့ သောကတွေရှိနေတတ်တယ်လေ … သူအမြဲတမ်းနားထောင်ပေးနေတာပဲ ငါပြောပြီးပြီ ဆိုတာမျိုးတွေပဲ ရှိပါတယ် ပြန်ပြီး အဆင်ပြေလားလို့တောင် မေးဖော်မရကြဘူး ။

အမြဲတမ်းခွင့်လွှတ်နားလည်ပေးနေတာပဲ လေ … ငါပြန်တောင်းပန်လိုက်ရင် ကျေအေးသွားမှာပါလို့ထင်နေတဲ့ အတွေးတွေ တစ်ဖက်မှာ စိတ်ပျက်ခြင်းတွေ ရှိတဲ့အကြောင်းလဲ သူတို့တွေ သိပုံမရဘူး …သူတို့သိတာက သူတို့ယူနိုင်သလောက် ယူနေမယ် … ခွင့်လွှတ်ခြင်းတွေ အချစ်တွေ နားလည်မှုတွေ နွေးထွေးမှုတွေ စသည်ဖြင့်ပေါ့ သူတို့ယူနိုင်တဲ့အရာမှန်သမျှကို ယူမယ် … ပြန်ပြီး ပေးစရာမလိုဘူးလို့ တွေးထားကြပုံပါပဲ ။

ဥပမာလေး ပြရရင် … သူငယ်ချင်းတွေကြားမှာ နှစ်ရှည်ပေါင်းသင်းလာတဲ့လူကို ခဏတဖြုတ်တွေ့တဲ့သူနဲ့ လဲပစ်လိုက်သလိုမျိုးပေါ့ … ကိုယ်က သူ့ဘေးနားမှာ အမြဲရှိနေခဲ့လေ .. တန်ဖိုးထားရကောင်းမှန်းနားမလည်တော့ဘူး… အခုမှ တွေ့တဲ့သူကမှ တန်ဖိုးတွေ ဇွတ်တက်နေတာမျိုးပေါ့ .. ချစ်သူရည်းစား ဘဝတွေမှာလဲ အများကြီးပါ … အမြဲတမ်းအလိုလိုက်တဲ့သူက အမြဲပဲ အလိုလိုက်ရမယ်ဆိုတဲ့ အတွေးပဲ ဝင်သွားကြတာများတယ် ပြန်ပြီး ဂရုစိုက်ဖို့အတွေးမရှိကြတော့ဘူး … ငါဘာလုပ်လုပ် သူထွက်မသွားပါဘူးလေဆိုပြီး တစ်ထစ်ချတွေးပစ်လိုက်တာလေ …

လောကမှာလေ … တကယ်ပါ အနီးမှုန်တတ်တဲ့သူတွေ အရမ်းများတယ် .. နေ့စဉ်ရနေတဲ့အရာတွေကို တန်ဖိုးမရှိပါဘူးလို့ပဲ တွေးပစ်လိုက်ကြတာ တစ်ဖက်မှာ ဘာတွေရင်းထားရလဲ မတွေးကြည့်ကြဘူး မြင်အောင်လဲ မကြည့်ကြပါဘူး … ဟိုးအဝေးကြီးရောက်သွားမှ နောင်တတွေနဲ့အော်ခေါ်တတ်ကြတာလေ .. ဒါပေမယ့် ဘယ်တော့မှ ပြန်ရမလာတတ်ပါဘူး ..

ဘာကြောင့်လဲ ဆိုရင် အဲ့လို အစစအရာရာ သည်းခံပေး ခွင့်လွှတ်ပေးတတ်တဲ့ လူတစ်ယောက်က တော်ရုံတန်ရုံနဲ့ မစွန့်လွှတ်တတ်ကြဘူးလေ နောက်ထပ် နာကျင်ဖို့အတွက် ခံနိုင်ရည် မရှိတော့တဲ့အခါမှသာ လှည့်ထွက်သွားကြတာများတယ် ..

ဒါကြောင့် တစ်စုံတစ်ယောက်က ကိုယ့်ကို ကြင်နာတဲ့အခါ တစ်ခါလောက်ဖြစ်ဖြစ် ပြန်ပြီး ကြင်နာပေးပါ ကိုယ့်ကို ဂရုစိုက်ပေးတဲ့အခါ ကိုယ့်ဘက်ကလဲ ပြန်ပြီး ဂရုစိုက်ပေးပါ … နောင်တတွေရနေတာမျိုး မဖြစ်စေချင်ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း