နှစ်တွေအကြာကြီး ချစ်ခဲ့ပြီးမှ လမ်းခွဲခဲ့တယ်ဆိုတာ

နှစ်တွေအကြာကြီး လက်တွဲပြီးမှ လူနှစ်ယောက် သဘောထားချင်းမတိုက်ဆိုင်လို့ဆိုတဲ့ ခေါင်းစဥ်အောက်မှာ လမ်းခွဲပြတ်စဲကြတာ ဘာလို့လဲ တဲ့ အချစ်ဆိုတာ နှစ်တွေနဲ့ မဆိုင်ပါဘူး နှစ်တွေကြာသွားရုံနဲ့ ပိုပြီးချစ်လာလိမ့်မယ်လို့ မထင်စေချင်ဘူး

သူစိမ်းနှစ်ယောက် အချစ်တစ်ခုနဲ့ စတင်တွေ့ရှိခဲ့တဲ့အချိန်ကစလို့ နှစ်တွေ အတူတူဖြတ်သန်းလာရုံနဲ့ နားလည်မှုပိုရှိလာတယ်လို့လဲ မမြင်စေချင်ဘူးတစ်ခါတစ်ရံ အချစ်တစ်ခု တည်မြဲနေရခြင်းဟာ တစ်ယောက်က အရမ်းသည်းခံလွန်းနေလို့ပဲ ဖြစ်ဖြစ် ကိစ္စတော်တော်များများကို မသိချင်ယောင်ဆောင်လို့ပဲဖြစ်ဖြစ် ကြာရှည်နေတတ်ပါတယ်

လူတွေအရှေ့မှာ ငိုပြလို့မှ မရပဲလေ ကိုယ့်ချစ်သူအရှေ့မှာလဲ ငိုပြခွင့်မရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ အထီးကျန်နေမှုကို စာနာကြည့်စမ်းပါ လူအများရှေ့မှာ ပျော်ပြနေရုံနဲ့ အဲ့တာ အဆင်ပြေတဲ့ အချစ်တစ်ခုမဟုတ်သေးဘူး လူအများရှေ့မှာ မဲ့နေလို့လဲ မရဘူးလေ

ဒီလိုနဲ့ ပျော်သလို ဟန်ဆောင်ရင်း ငိုရတဲ့ရက်တွေ များလားတဲ့အခါ တဖြေးဖြေး စိတ်ကုန်လာတတ်ပါတယ် ပြင်လာမလားလို့ မျှော်လင့်ရင်း ပြင်မလာတဲ့အပြင် ထပ်ထပ်ပြီးဆိုးလာတဲ့အခါ မျှော်လင့်ချက်တွေမဲ့လာတယ် ပျော်စေချင်လွန်းလို့ ကိုယ့်ဘက်က ဘယ်လောက်အလျှော့ပေးပေး အမြဲတမ်းအလိုမကျဖြစ်နေမှုတွေကြားမှာ တဖြေးဖြေး ၀မ်းနည်းလာတယ်

နှစ်တွေ အကြာပြီးတွဲထားတဲ့လက်တွေ မလွတ်လိုက်ချင်လို့ချစ်တာတစ်ခုတည်းနဲ့ အရာရာကို ခွင့်လွှတ်ဖို့ နားလည်ဖို့ ကြိုးစားနေရတာတွေက တစ်ဖက်သတ်တွေဆန်လာတဲ့အခါ လွှတ်ချလိုက် သူလဲ ပျော်မှာပဲ ကိုယ်လဲ အဆင်ပြေမှာပဲလို့ တွေးတတ်လာတယ်

ကိုယ့်စိတ်နဲ့ကိုယ် မပိုင်တော့သလိုလို ကိုယ့်ဘ၀မှာ မျှော်လင့်ချက်တွေကွယ်ပျောက်ကုန်သလိုလို နဲ့ အိပ်ခန်းထဲမှာ ညဘက် တစ်ယောက်တည်း ကြိတ်ကြိတ်ငိုရတဲ့အဖြစ်တွေကို စိတ်ကုန်လာတယ် ကိုယ်ကကျ တွယ်တာတတ်လွန်းပြီး သူ့မှာပျော်လို့မော်လို့ အပေါင်းအသင်းတွေနဲ့ အပျော်အပါးတွေနဲ့ ကိုယ်ပဲအဖော်မရှိတဲ့ တစ်ကောင်ကြွက်လိုလို သူ့လိုနေတတ်ချင်လာတယ် ကိုယ့်စိတ်နဲ့ကိုယ် အသက်ရှင်နေရတာမျိုးမဟုတ်ပဲ ဘာမဆို လုပ်ပစ်ရဲတဲ့အထိ မွန်းကျပ်လာတဲ့အခါ လွတ်ချလိုက်ချင်လာတယ်

ဘာလို့ ပြတ်သွားတာလဲ ဖောက်ပြန်လို့လားဆိုတဲ့ မေးခွန်းတွေ ဖြေပါမယ် အချစ်တစ်ခုမှာ မဖောက်ပြန်ရုံတစ်ခုနဲ့ အရာရာ ပျော်ရွှင်လို့ ရရဲ့လားပေါ့ ဘာတွေများ နားလည်မှုလွဲလို့လဲဆိုတဲ့ မေးခွန်းတွေလဲ ဖြေပါမယ် နားလည်မှုမလွဲပါဘူး ကိုယ့်ဘက်ကချည်းပဲ နားလည်ပေးရလွန်းတဲ့အခါ ဆက်ပြီးနားလည်ပေးနိုင်တဲ့ အင်အားမရှိတော့လို့ပါ ။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာမျိုးလေ အဲ့လိုမှ မဟုတ်ပဲ တစ်ဖက်တည်းတီးနေတဲ့အခါ အသံထွက်အောင်တော့ တီးလို့ရပါတယ် နံရံကို ရိုက်လိုက်တာပဲဖြစ်ဖြစ်ပေါ့ ကြာလာတဲ့အခါ တစ်ဖက်တည်းတီးနေရတဲ့လူအဖို့ အရမ်းကို နာကျင်လာရတယ် သူများတွေ လိုက်ဖက်တဲ့စုံတွဲတွေလို့ပြောတဲ့အခါတိုင်း အားကျလိုက်တာလို့ ပြောတဲ့အခါ ငိုမချမိဖို့ မနည်းအားတင်းခဲ့ရတဲ့ရက်တွေ ကုန်ဆုံးလိုက်ချင်ပြီလေ

နှစ်တွေအကြာကြီးလက်တွဲပြီး ပြတ်စဲသွားတဲ့ အချစ်တစ်ခုမှာ သဘောထားချင်းမတိုက်ဆိုင်တာထက် အများကြီးပိုပါတယ် ထပ်ပြီး မနာကျင်တော့တာ ။ ကြိတ်ပြီး မငိုချင်တော့တာ ။ငိုချင်လျက်နဲ့ ဆက်ပြီးပြုံးမထားနိုင်တော့တာ ။ကိုယ့်ဘက်ကချည်း နားလည်ပေးရတာတွေ စိတ်ကုန်လာတာ အများကြီးပါ တကယ့်ကို အများကြီးပါ

ဒါပေမယ့် လူကြားကောင်းအောင်တော့ တစ်ခုပဲ ဖြေပါတယ် သဘောထားချင်းမတိုက်ဆိုင်ခဲ့လို့ သူ နဲ့ လမ်းခွဲလိုက်ကြတာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ႏွစ္ေတြအၾကာႀကီး လက္တြဲၿပီးမွ လူႏွစ္ေယာက္ သေဘာထားခ်င္းမတိုက္ဆိုင္လို႔ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ လမ္းခြဲျပတ္စဲၾကတာ ဘာလို႔လဲ တဲ့ အခ်စ္ဆိုတာ ႏွစ္ေတြနဲ႔ မဆိုင္ပါဘူး ႏွစ္ေတြၾကာသြား႐ုံနဲ႔ ပိုၿပီးခ်စ္လာလိမ့္မယ္လို႔ မထင္ေစခ်င္ဘူး

သူစိမ္းႏွစ္ေယာက္ အခ်စ္တစ္ခုနဲ႔ စတင္ေတြ႕ရွိခဲ့တဲ့အခ်ိန္ကစလို႔ ႏွစ္ေတြ အတူတူျဖတ္သန္းလာ႐ုံနဲ႔ နားလည္မႈပိုရွိလာတယ္လို႔လဲ မျမင္ေစခ်င္ဘူးတစ္ခါတစ္ရံ အခ်စ္တစ္ခု တည္ၿမဲေနရျခင္းဟာ တစ္ေယာက္က အရမ္းသည္းခံလြန္းေနလို႔ပဲ ျဖစ္ျဖစ္ ကိစၥေတာ္ေတာ္မ်ားမ်ားကို မသိခ်င္ေယာင္ေဆာင္လို႔ပဲျဖစ္ျဖစ္ ၾကာရွည္ေနတတ္ပါတယ္

လူေတြအေရွ႕မွာ ငိုျပလို႔မွ မရပဲေလ ကိုယ့္ခ်စ္သူအေရွ႕မွာလဲ ငိုျပခြင့္မရွိခဲ့တဲ့ လူတစ္ေယာက္ရဲ႕ အထီးက်န္ေနမႈကို စာနာၾကည့္စမ္းပါ လူအမ်ားေရွ႕မွာ ေပ်ာ္ျပေန႐ုံနဲ႔ အဲ့တာ အဆင္ေျပတဲ့ အခ်စ္တစ္ခုမဟုတ္ေသးဘူး လူအမ်ားေရွ႕မွာ မဲ့ေနလို႔လဲ မရဘူးေလ

ဒီလိုနဲ႔ ေပ်ာ္သလို ဟန္ေဆာင္ရင္း ငိုရတဲ့ရက္ေတြ မ်ားလားတဲ့အခါ တေျဖးေျဖး စိတ္ကုန္လာတတ္ပါတယ္ ျပင္လာမလားလို႔ ေမွ်ာ္လင့္ရင္း ျပင္မလာတဲ့အျပင္ ထပ္ထပ္ၿပီးဆိုးလာတဲ့အခါ ေမွ်ာ္လင့္ခ်က္ေတြမဲ့လာတယ္ ေပ်ာ္ေစခ်င္လြန္းလို႔ ကိုယ့္ဘက္က ဘယ္ေလာက္အေလွ်ာ့ေပးေပး အၿမဲတမ္းအလိုမက်ျဖစ္ေနမႈေတြၾကားမွာ တေျဖးေျဖး ၀မ္းနည္းလာတယ္

ႏွစ္ေတြ အၾကာၿပီးတြဲထားတဲ့လက္ေတြ မလြတ္လိုက္ခ်င္လို႔ခ်စ္တာတစ္ခုတည္းနဲ႔ အရာရာကို ခြင့္လႊတ္ဖို႔ နားလည္ဖို႔ ႀကိဳးစားေနရတာေတြက တစ္ဖက္သတ္ေတြဆန္လာတဲ့အခါ လႊတ္ခ်လိုက္ သူလဲ ေပ်ာ္မွာပဲ ကိုယ္လဲ အဆင္ေျပမွာပဲလို႔ ေတြးတတ္လာတယ္

ကိုယ့္စိတ္နဲ႔ကိုယ္ မပိုင္ေတာ့သလိုလို ကိုယ့္ဘ၀မွာ ေမွ်ာ္လင့္ခ်က္ေတြကြယ္ေပ်ာက္ကုန္သလိုလို နဲ႔ အိပ္ခန္းထဲမွာ ညဘက္ တစ္ေယာက္တည္း ႀကိတ္ႀကိတ္ငိုရတဲ့အျဖစ္ေတြကို စိတ္ကုန္လာတယ္ ကိုယ္ကက် တြယ္တာတတ္လြန္းၿပီး သူ႔မွာေပ်ာ္လို႔ေမာ္လို႔ အေပါင္းအသင္းေတြနဲ႔ အေပ်ာ္အပါးေတြနဲ႔ ကိုယ္ပဲအေဖာ္မရွိတဲ့ တစ္ေကာင္ႂကြက္လိုလို သူ႔လိုေနတတ္ခ်င္လာတယ္ ကိုယ့္စိတ္နဲ႔ကိုယ္ အသက္ရွင္ေနရတာမ်ိဳးမဟုတ္ပဲ ဘာမဆို လုပ္ပစ္ရဲတဲ့အထိ မြန္းက်ပ္လာတဲ့အခါ လြတ္ခ်လိုက္ခ်င္လာတယ္

ဘာလို႔ ျပတ္သြားတာလဲ ေဖာက္ျပန္လို႔လားဆိုတဲ့ ေမးခြန္းေတြ ေျဖပါမယ္ အခ်စ္တစ္ခုမွာ မေဖာက္ျပန္႐ုံတစ္ခုနဲ႔ အရာရာ ေပ်ာ္႐ႊင္လို႔ ရရဲ႕လားေပါ့ ဘာေတြမ်ား နားလည္မႈလြဲလို႔လဲဆိုတဲ့ ေမးခြန္းေတြလဲ ေျဖပါမယ္ နားလည္မႈမလြဲပါဘူး ကိုယ့္ဘက္ကခ်ည္းပဲ နားလည္ေပးရလြန္းတဲ့အခါ ဆက္ၿပီးနားလည္ေပးႏိုင္တဲ့ အင္အားမရွိေတာ့လို႔ပါ ။

လက္ခုပ္ဆိုတာ ႏွစ္ဖက္တီးမွ ျမည္တာမ်ိဳးေလ အဲ့လိုမွ မဟုတ္ပဲ တစ္ဖက္တည္းတီးေနတဲ့အခါ အသံထြက္ေအာင္ေတာ့ တီးလို႔ရပါတယ္ နံရံကို ႐ိုက္လိုက္တာပဲျဖစ္ျဖစ္ေပါ့ ၾကာလာတဲ့အခါ တစ္ဖက္တည္းတီးေနရတဲ့လူအဖို႔ အရမ္းကို နာက်င္လာရတယ္ သူမ်ားေတြ လိုက္ဖက္တဲ့စုံတြဲေတြလို႔ေျပာတဲ့အခါတိုင္း အားက်လိုက္တာလို႔ ေျပာတဲ့အခါ ငိုမခ်မိဖို႔ မနည္းအားတင္းခဲ့ရတဲ့ရက္ေတြ ကုန္ဆုံးလိုက္ခ်င္ၿပီေလ

ႏွစ္ေတြအၾကာႀကီးလက္တြဲၿပီး ျပတ္စဲသြားတဲ့ အခ်စ္တစ္ခုမွာ သေဘာထားခ်င္းမတိုက္ဆိုင္တာထက္ အမ်ားႀကီးပိုပါတယ္ ထပ္ၿပီး မနာက်င္ေတာ့တာ ။ ႀကိတ္ၿပီး မငိုခ်င္ေတာ့တာ ။ငိုခ်င္လ်က္နဲ႔ ဆက္ၿပီးၿပဳံးမထားႏိုင္ေတာ့တာ ။ကိုယ့္ဘက္ကခ်ည္း နားလည္ေပးရတာေတြ စိတ္ကုန္လာတာ အမ်ားႀကီးပါ တကယ့္ကို အမ်ားႀကီးပါ

ဒါေပမယ့္ လူၾကားေကာင္းေအာင္ေတာ့ တစ္ခုပဲ ေျဖပါတယ္ သေဘာထားခ်င္းမတိုက္ဆိုင္ခဲ့လို႔ သူ နဲ႔ လမ္းခြဲလိုက္ၾကတာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း